ECG နဲ့ နှလုံးစစ်မယ်
ကိုယ့်လက်တွဲဖော်ရဲ့ အချစ်စစ်ရဲ့လား စစ်ကြည့်လို့ ရချင်မှရမှာပေမယ့် ကိုယ့်ရဲ့ နှလုံးသားလေးကောင်းမကောင်းကိုတော့ စစ်ဆေးကြည့်လို့ရပါတယ်။ နှလုံးကျန်းမာရေးဆိုတာ လူတိုင်းဂရုစိုက်သင့်တဲ့ အရာပါ။
အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ ခံယူသင့်တဲ့ ပုံမှန်ဆေးစစ်မှုတွေထဲမှာ နှလုံးကျန်းမာရေးကလည်း တစ်ခုအပါအဝင်ပါ။ နှလုံးကို စစ်ဆေးရာမှာ သွေးစစ်တာ၊ နှလုံးကို Ultrasound ရိုက်တာ၊ သွေးကြောတွေကို ဓာတ်မှန်ရိုက်တာ နဲ့ ECG ဆွဲတာ စသဖြင့် လူနာရဲ့ အခြေအနေ၊ ရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဒီအထဲမှာ ECG ကတော့ အခြေခံ အကျဆုံးနဲ့ အလွယ်ကူဆုံး နှလုံးစစ်ဆေးမှုပဲ ဖြစ်ပါတယ်။
နှလုံးကောင်းကောင်းခုန်ဖို့၊ နှလုံးသွေးလှည့်ပတ်ဖို့ နှလုံးကနေ လျှပ်စစ်လှိုင်းလေးတွေ ပုံမှန်ထုတ်လွှင့်ပါတယ်။ ECG ဟာ အဲဒီလျှပ်စစ်လှိုင်းလေးတွေကို ကြည့်ပြီး နှလုံးရဲ့ အခြေအနေကို စစ်ဆေးတာပါ။ ECG နဲ့ နှလုံးစစ်တဲ့အခါ ECG စက်ကလေးတစ်လုံးနဲ့ ECG စာရွက်ရှိရုံနဲ့ အိမ်မှာဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းမှာဖြစ်ဖြစ်၊ လူနာတင်ယာဥ်ပေါ်မှာဖြစ်ဖြစ် စစ်ဆေးလို့ရပါတယ်။ ပြီးမှ တတ်ကျွမ်းတဲ့သူကို ပြသပြီး ဖတ်ရုံပါပဲ။
စစ်ဆေးတဲ့အခါမှာလည်း နာကျင်မှုမရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းပါးပါတယ်။ အချိန်အားဖြင့် ၅ မိနစ်ကနေ ၁၀ မိနစ်လောက်သာ ကြာမြင့်ပါတယ်။ ခြေထောက်တွေ၊ လက်တွေနဲ့ ရင်ဘတ်မှာ Electrodes လို့ခေါ်တဲ့ ညှပ်ကလေးတွေ၊ အဖုလေးတွေကို ညှပ်ထား၊ ကပ်ထားရုံနဲ့ Monitor မှာ ECG Wave တွေ ပေါ်နေတာကို ရုပ်ရှင်တွေထဲမှာ တော်တော်များများလည်း မြင်ဖူးကြမှာပါ။ အဲဒီ Wave လေးတွေကို စာရွက်ပေါ်မှာ Record လုပ်လိုက်တာပါ။
ဘယ်အခါမှာ ECG ဆွဲသင့်သလဲ?
အောက်ပါ အခြေအနေမျိုးတွေမှာ ECG ဆွဲပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။
- ရင်ဘတ်အောင့်ရင်
- ရင်တုန်ပြီး နှလုံးခုန်နှုန်းမမှန်သလို ခံစားရရင်
- သွေးခုန်နှုန်းမြန်နေရင်
- အသက်ရှုကျပ်ရင်
- ပုံမှန်အလုပ်လုပ်တာတောင် မောပန်းလွယ်နေရင်
- အရင်က နှလုံးရောဂါ နဲ့ နှလုံးအမောဖောက်ဖူးတဲ့ အခံရှိရင်
- မိဘမျိုးရိုးထဲမှာ နှလုံးရောဂါရှိရင် ECG ဆွဲဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အသက် ၄၀ ကျော်တဲ့အခါ ECG နဲ့ နှလုံးကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးသင့်ပါတယ်။
ဘာတွေသိနိုင်မလဲ?
ECG ကတဆင့် နှလုံးရဲ့ အခြေအနေအကုန်လုံးကို မသိနိုင်ပါဘူး။ ဥပမာ နှလုံးသွေးဝင်ခန်း၊ သွေးလွှတ်ခန်း နဲ့ သွေးကြောတွေရဲ့ အခြေအနေ၊ နှလုံးရဲ့ ညှစ်နိုင်စွမ်းအား စတာတွေကို သိချင်ရင်တော့ Ultrasound ရိုက်တာနဲ့မှ သိနိုင်မှာပါ။ ဒါဆို ECG ကနေ ဘာတွေ သိနိုင်မလဲဆိုရင်
- နှလုံးခုန်နှုန်းပုံမှန်ဟုတ်မဟုတ်
- နှလုံးစည်းချက်မှန်မမှန်
- ရင်ဘတ်အောင့်ရတဲ့ အကြောင်းရင်းဟာ နှလုံးကြောင့် ဟုတ်မဟုတ် ( ဥပမာ- နှလုံးကြွက်သားပုပ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ နှလုံးရောင်တာ)
- နှလုံးစက်ထည့်ထားရတဲ့ လူနာတွေမှာ နှလုံးစက်ပုံမှန် အလုပ် လုပ်မလုပ်
- နှလုံးကို အကြီးစား၊ အသေးစားခွဲစိတ်မှု မလုပ်ခင်နဲ့ လုပ်ပြီးတဲ့အခါ နှလုံးရဲ့ အခြေအနေကို စစ်ဆေးတာ
- နှလုံးဆေးတွေ ပုံမှန်သောက်နေရတဲ့သူတွေမှာ ဆေးအပေါ် တုံ့ပြန်မှုရှိမရှိ
- သွေးထဲမှာ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်တွေ နည်းနေတာ၊ များနေတာ စတာတွေကို သိနိုင်မှာပါ။
ECG အဖြေက အမြဲတမ်းမှန်လား?
မမှန်နိုင်ပါဘူး။ အထူးသဖြင့်
- အဝလွန်တဲ့သူတွေ
- မွေးခါနီး ကိုယ်ဝန်ဆောင်တွေ
- ရေဖျဥ်းစွဲပြီး ဗိုက်ကြီးဖောင်းနေတဲ့သူတွေ
- နံရိုးတွေ၊ ရင်ဘတ်နဲ့ နှလုံးပုံမှန် နေရာမှန် မရှိတဲ့သူတွေ
- ECG ဆွဲနေစဥ်မှာ လှုပ်တာ၊ စကားပြောတာ၊ ပတ်ဝန်းကျင်က ဆူညံနေတာမျိုးတွေ ဆိုရင် အဖြေမှန်ရဖို့ ခဲယဥ်းနိုင်ပါတယ်။
ECG ဆွဲရင် ဘေးထွက်ဆိုးကျိုး ရှိသလား
ECG ဆွဲတာမှာ ဘေးထွက်ဆိုးကျိုးရယ်လို့တော့ ကြီးကြီးမားမား မရှိပါဘူး။ ECG မဆွဲခင် ကြိုတင်ပြင်ဆင်စရာ မလိုသလို ဆွဲပြီးရင်လည်း ရောဂါအခြေနေကြောင့် မဟုတ်ရင် ပုံမှန်လှုပ်ရှားသွားလာလို့ ရပါတယ်။
ပုံမှန် ECG ဆွဲတာ မဟုတ်ဘဲ Holter Monitor လို့ခေါ်တဲ့ ၂၄ နာရီအတွင်း ECG ပြောင်းလဲမှုတွေကို ကြည့်တာ၊ Exercise ECG လို့ခေါ်တဲ့ ပြေးစက်ပေါ်ပြေးတာ၊ လှေကားတက်တာတွေ လုပ်ပြီးမှ ECG ဆွဲကြည့်ရတာမျိုးလည်း ရောဂါအခြေအနေပေါ် မူတည်ပြီး လုပ်လို့ရနေပါပြီ။ ဒီတော့ ECG နဲ့ နှလုံးစစ်ဆေးဖို့ ကြောက်မနေဘဲ ရောဂါသိဖို့၊ ရောဂါသိရင် ဆေးရှိမှာမို့ အချိန်မနှေးဘဲ စောစောစစ်ဆေးနိုင်ကြပါစေ။
ECG ဆွဲဖို့ လိုအပ်သလား တိုင်ပင်ချင်တယ်ဆိုရင်လည်း Healtppy က ဆရာဝန်တွေက အဆင်သင့်ရှိနေပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်